My Fav. Songs

March 31, 2009

Ah nu အတွက်...


March 13, 2009

Ah nu ဖတ်ဖို့... (၁) - အခေါ်အဝေါ်




အနု က ဗမာ၊ အဝ က ကချင်… ဆိုတော့ကာ နောတို့က ကချင်မျိုးဟေ့ ဒို့ဗမာ ပေါ့ဗျာ။ :P ငယ်ငယ်တုန်းက အနုကို “မေမေ” လို့ခေါ်ဖူးတယ်ဗျ။ ချစ်စုပု (အငယ်ဆုံးညီမလေး) တောင်မမွေးသေးဘူးထင်တယ်။ တစ်ည…မိသားစု ညစာစားပြီး အနု နဲ့ အဝ ကမီးဖိုဘေးမှာ စကားပြော၊ နောတို့က ဆော့နေကြတာပေါ့။ အဲတုန်းက ပြည်တော်သာအိမ်မှာ… အဝက နောတို့ကိုလှမ်းခေါ်ပြီး၊ အနု နဲ့ အဝ ကို “မေမေ” “ဖေဖေ” လို့မခေါ်ရတော့ဘူးတဲ့။ ကချင်လို “Ah nu” “Ah wa” လို့ပြောင်းခေါ်ရမယ်တဲ့။ ကိုယ့်ကချင်စကားမပြောဖြစ်ရင်တောင် အခေါ်အဝေါ်ပြောင်းရမယ်တဲ့။ ( အဝ က အမြဲခရီးထွက်နေရတော့ အိမ်မှာက ဗမာလိုပဲပြောဖြစ်ခဲ့တာ ) အဲဒီညမှာပဲ စခေါ်ခိုင်းတယ်။ ဒေါင်ခေါင် (မောင်လေး) တော့မသိဘူး။ အဝကိုကြောက်လို့သာမဝံ့မရဲခေါ်ခဲ့တာ။ နောက် ၃၊၄ ရက်လောက် နော အနု နဲ့သိပ်စကားမပြောဖြစ်ခဲ့ဘူး၊ ခေါ်ရမှာ တမျိုးကြီးဖြစ်နေလို့… :P နောကြီးလာတော့ ကိစ္စတော်တော်များများမှာ အနု နဲ့က သူငယ်ချင်းလိုပေါင်း၊ ပြောဆို၊ တိုင်ပင်တယ်။ တရုတ်ကား၊ ကိုးရီးယားကားတွေ ခေတ်စားတုန်းကဆိုရင် အနုကို “မာမား၊ အွန်မား၊ အာမူးနိ” ဆိုပြီးတော့တောင် လျှောက်စခေါ်သေးတယ်။ အခုထိလည်း နော အနုကို စချင်ရင် အဲလိုတွေခေါ်တုန်းပဲ။ :D ဒါပေမဲ့ “မေမေ” လို့တော့ အတည်မပြောနဲ့၊ စသလို နောက်သလိုတောင်ခေါ်လို့မထွက်ဘူး။ နောက အူကြောင်ကြားဗျ။ အပြောင်းအလဲသိပ်လက်မခံနိုင်ဘူး။ ငယ်ငယ်တုန်းက ရှေးရိုးသမားလေးပေါ့။ အခုတော့ ရှေးရိုးသမားကြီးဖြစ်နေပြီပေါ့ဗျာ lol…

Ah nu ဖတ်ဖို့... (၂) - မူကြိုတုန်းက



အနု နဲ့ အဝ ယူပြီးကတည်းက အဝက အနုကို အလုပ်ပေးမလုပ်ဘူး။ အခုထက်ထိပဲဆိုပါတော့။ ဒါပေမဲ့ အိမ်ထောင် ၁ ခုကို အကောင်းဆုံးဖြစ်အောင်ထိန်းသိမ်းဖို့နဲ့ သားသမီးတွေ လူလားမြောက်အောင် အနီးကပ်ကြည့်ရှုစောင့်ရှောက်ရတာ အပြင်ထွက်အလုပ်လုပ်တာထက် ပိုခက်ခဲ၊ ပိုပင်ပန်း၊ ပိုပေးဆပ်ရတယ်ဆိုတာ နောအခုကြီးလာတော့ သိလာပြီဗျ။ အနု တော်တော်ပင်ပန်းခဲ့ရမှာ… Grai chyeju ba yaw, ah nu!
အနု ကတဦးတည်းသောသမီးလည်းဖြစ်၊ နောကမြေးဦးဆိုတော့ အဘနဲ့ အဖွားက နောမူကြိုမတက်ခင်အထိ ခေါ်ထားတယ်။ နော ၃ နှစ်ပြည့်လို့ မူကြိုတက်ရတော့မယ်ဆိုမှ အနုတို့နဲ့ပြန်နေဖြစ်တာ။ နောတက်ခဲ့တဲ့ မူကြိုက YMCA၊ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံနဲ့ကပ်ရက်လေ။ အဲဒီအချိန်အထိနောတို့မိသားစု ၄ ယောက်ကပြည်တော်သာဆောက်လုပ်ရေးရုံးဝင်းအိမ်မှာပဲနေတယ်။ မနက်ဆို အနုက နောကို လိုင်းကားနဲ့မူကြိုလိုက်ပို့တယ်။ နောကိုပို့ပြီး အပြန်ကြရင် YMCA သစ်တောရပ်ကွက်ကနေ မင်းလမ်းအတိုင်းလမ်းလျှောက်၊ ဈေးဝယ်စရာရှိရင် မြို့မဈေးဝင်ဝယ်ပြီး ပြည်တော်သာအိမ်အထိလမ်းလျှောက်ပြန်ခဲ့တာ။ ညနေလာကြိုတော့လည်း Ah tung ဆိုင်ထိလမ်းလျှောက်၊ Ah tung ဆိုင်ရောက်ရင် အနုကဆိုင်မှာနားပြီးနောကိုစောင့်၊ moi shawng က နောကိုစက်ဘီးနဲ့မူကြိုမှာ လာကြို၊ Ah tung ဆိုင်ရောက်ရင် Ah tung ရဲ့ခေါက်ဆွဲစားပြီးမှ နောတို့သားအမိ ၂ ယောက် လိုင်းကားစီးပြီးအိမ်ပြန်ကြတာဗျ။ (Ah tung ရဲ့ “နီလာ ခေါက်ဆွဲဆိုင်” က နာမည်ကြီး။ ဆန်းမင်းဟိုတယ်နဲ့မျက်နှာချင်းဆိုင်၊ ပန်းခြံအောက်ဖက် အဆင်းနားမှာပဲလေ။ အခု Ah tung လည်းအသက်ကြီးလာတော့ အစ်ကိုကဆေးဆိုင်ပြောင်းဖွင့်လိုက်တာ) သေချာပြန်စဉ်းစားကြည့်တော့ ပြည်တော်သာ နဲ့သစ်တောဆိုတာ ဝေးတယ်ဗျ။ ဟိုနားဒီနားလေးတောင် နောတို့က ဆိုင်ကယ်နဲ့မှသွားချင်ကြတာ။ အနုကိုမေးကြည့်တော့ လိုင်းကားမစီးပဲလမ်းလျှောက်တော့ နောတို့အတွက် မုန့်ဖိုး ပိုထွက်လာတာပေါ့တဲ့။ (အနု နဲ့ အဝက သုညကနေစလာတာတဲ့) အနုရယ်...
နောကို YMCA မှာ ဘာကြောင့်ထားလဲဆိုတော့ တီချယ်ကြီးက အရမ်းစည်းကမ်းကောင်းလို့တဲ့။ ပြည်တော်သာ၊ ဦးကြီးခမ်းဘက်ကသူတွေဆိုများသောအားဖြင့် အနီးအနားကမူကြိုတွေမှာပဲ ထားကြတာများတယ်။ နောက် နောသူငယ်တန်းတက်ခါနီး ၅လလောက်အလို ဒေါင်ခေါင် မူကြိုစတက်တော့ အဝရဲ့ အမျိုးတွေအစီအစဉ်နဲ့နောပါရောပြီး ညောင်ရွှေရေကန်ဒေါင့်က "ဒေါ်ကြီး၊ဒေါ်ငယ်" မူကြို ဆီရောက်သွားလိုက်သေးတယ်။ ချစ်စုပုအလှည့်ကျတော့မရတော့ဘူး။ အနုက သူ့ကို YMCA မှာပဲပြန်ထားခဲ့တယ်။ အဝ ကအိမ်မှာသိပ်မရှိတော့ ကစားကွင်း၊ ပန်းခြံတွေဆိုရင် အနုပဲ နောတို့ကိုခေါ်လည်တယ်။ အဲ… ဒါပေမဲ့ Christmas တို့လို ဘာသာရေးပွဲတွေဆိုရင် အမြဲတမ်း မိသားစုအားလုံးအတူရှိဖြစ်ခဲ့တယ်။ နောက် အဝ tennis ပွဲ၊ dinner တွေဆိုလည်း နောတို့တွေ အနုနဲ့လိုက်အားပေးဖူးတယ်(ငယ်ငယ်တုန်းကပါ၊ ကြီးတော့ ကိုယ့်လမ်းကြောင်းတွေနဲ့ကိုယ် မအားနိုင်ဖြစ်လာပြီး အဝ နောက်သိပ်မလိုက်ဖြစ်တော့ဘူး။ ဟိ) အနု အပြင်ထွက်တာသိပ်မရှိဘူးဗျ(လူမှုရေးကိစ္စတွေကလွဲရင်)။ ထွက်ရင်လည်း နောတို့ကို အမျိုးတွေအိမ်ခေါ်လည်တာလောက်ပဲ။

Ah nu ဖတ်ဖို့... (၃) - အစားအသောက်


နောတို့မောင်နှမ ၃ ယောက်စလုံး ကျောင်းတက်ခဲ့တဲ့ကာလ တလျှောက်လုံးမှာ ဘာမှ လိုလေသေးမရှိအောင်လုပ်ပေးခဲ့တယ်။ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး အားလုံး အနုပဲတာဝန်ယူခဲ့တယ်။ အဝက ပိုက်ဆံပဲရှာပေးတာ… လို့ထင်တာပဲ။ :P (နောတို့မသိပဲ နှစ်ယောက်ပေါင်းတိုင်ပင်စီမံကြလားတော့ မပြောတတ်ဘူး။ မစပ်စုချင်ဘူးလေ :D ) နောနဲ့ ဒေါင်ခေါင်က ၁၀ တန်းအထိ ထ၆ မှာပဲနေခဲ့တယ်။ ချစ်စုပုအလှည့်မှာသာ ၉ တန်းရောက်တော့ ထ၄ ပြောင်းဖြစ်တာ။ နောတို့ကျောင်းတက်တဲ့အချိန် အဖွားလည်းသိပ်နေမကောင်းတော့ နောတို့မိသားစု အဘ၊ အဖွားတို့နဲ့ပေါင်းနေလိုက်တယ်။ အနု ၁ ယောက်တည်းဆိုတော့ အိမ်နဲ့နီးတဲ့ ထ၆ မှာပဲတက်ဖြစ်သွားတာ။ အမှန်အတိုင်းပြောရရင် နောတို့မောင်နှမတွေ အိမ်အလုပ်သိပ်မလုပ်ခဲ့ရဘူး။ ကူရုံအဆင့်လောက်ပဲ။ မီးဖိုချောင်ကိစ္စ၊ လျှော်ဖွတ်၊ အိမ်သန့်ရှင်းရေးအပြင် အဖွားကိုပြုစုတာကအစ အနုတယောက်တည်းဒိုင်ခံလုပ်ခဲ့တာဗျ။ နော အလယ်တန်းလောက်မှ အနုဝမ်းကွဲညီမ ၁ ယောက်လာနေလို့ အနု နည်းနည်းသက်သာသွားတာ။ မနက်ဆို ကျူရှင်၊ ကျောင်းမသွားခင် အဆင်သင့်ပြင်ဆင်ပေးတယ်။ နေ့လည်ထမင်းစားဆင်းချိန်ဆိုလည်း ကိုယ်တိုင်ထမင်းလာပို့ပေးတယ်။ ညနေကျူရှင်ဆင်းမိုးချုပ်လို့ နောက်ကျရင်လည်းအနုကိုယ်တိုင်လာကြိုတယ်။ အဘရှိတုန်းကတော့ အဘလာကြိုပေးတယ်။ အဝ အိမ်မှာရှိနေရင်တော့ အနုနဲ့လမ်းလျှောက်ထွက်ရင်းလာကြိုတယ်။ ငယ်ငယ်ကတည်းက အပြင်သားရေစာတွေလျှောက်မစားဖြစ်အောင် အနုက train ပေးခဲ့တယ်။ မူကြိုတုန်းကဆို အနုကိုယ်တိုင်ဝယ်ထည့်ပေးတဲ့ ဝေဖာ၊ ဂျယ်လီ၊ ကွတ်ကီး တွေပဲစားတယ်။ state ကျောင်းရောက်လည်း အဲတိုင်းပဲ။ အတန်းနည်းနည်းကြီးလာတဲ့အချိန်မှသာ ကိုယ်တိုင်မုန့်ဝယ်စားတတ်တာ။ ဒါပေမဲ့ နောတို့က မုန့်ထက် အနု ချက်တဲ့ထမင်းနဲ့ဟင်းကိုပဲ ရေလည်အားပေးတာ။ ဒါကြောင့်လဲ ဝက်ကလေးတွေလိုဖြစ်ခဲ့တာပေါ့ဗျာ။ မုန့်ဆိုရင်လည်း အနုဈေးဝယ်ပြန်လာတိုင်းပါလာတဲ့ မုန့်ဖက်ထုပ်တို့၊ အကြော်စုံ၊ ကျောက်ကျောမုန့် တို့ကိုပဲ အသေမျှော် ကြိုက်ခဲ့တာဗျ။ အဲ.. မေ့လို့.. ညနေတိုင်း မိသားစုလမ်းလျှောက်ထွက်ရင် အဝ ဝယ်ကျွေးနေကြ ခေါက်မုန့်လဲ သတိရတယ်။ နောက ငယ်ငယ်ကတည်းက carnivorous လေ။ veggie လုံးဝမကြိုက်ဘူး။ အဘ၊ အဖွားတို့ ကိုယ်တိုင်နှယ်၊ ခွံ့ကျွေးတဲ့ ခရမ်းချဉ်သီးချက် ဗမာဟင်းကလွဲရင်ပေါ့။ အနုရဲ့ အာလူးကက်သလိပ်ကြော်က နောအတွက်တော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးဟင်းလျား ၁ ခွက်ပဲ။ အဲ… အနုက မျက်နှာလိုက်တယ်ဗျ။ အဝကို ပိုဦးစားပေးတယ်။ နောက အဖွားရဲ့ဗမာချက် ဆီပြန်ဟင်းတွေကို ပိုကြိုက်တယ်။ အနုက အဝ အကြိုက် ကချင်ဟင်း ဆီနည်းနည်းတွေကို ပိုချက်တယ် (အဝရှိရင် :P)။


Ah nu ဖတ်ဖို့... (၄) - ပညာရေး



နောက ဘယ်သန်၊ အနုလည်း ဘယ်သန်ပဲ။ နောငယ်ငယ်တုန်းက အနုက နောကို ညာလက်နဲ့လုပ်တတ်၊ ရေးတတ်အောင် သင်ပေးတယ်။ မူကြိုတုန်းက လက်ရေးလှရေးရင် နှစ်ဖက်စလုံးနဲ့ တပြိုင်တည်းရေးတော့ နောအမြဲတမ်းအရင်ပြီးတယ်။ :D နောက် နော ဘယ်ပဲ အားသန်မှန်းသိတော့ အနုလည်း လက်လျော့လိုက်တယ်။ သူငယ်တန်းရောက်တော့လည်း လက်ရေးလှအောင် အနုပဲ အနီးကပ် သင်ပေးခဲ့တာ။ အထက်တန်းရောက်တဲ့အထိ အနုဆီမှာပဲစာဆိုနေကျဗျ။ အနု သင်ပေးတဲ့အထဲမှာ နောမမေ့နိုင်ဆုံးက နောစာရေးရင် မခွဲရေးသင့်တဲ့ စာလုံးကို နောက်တကြောင်းဆင်းပြီးခွဲရေးမိတယ်။ အနုက အဲဒါလုံးဝလက်မခံဘူး။ ပြီးတော့ စာပေတွေနဲ့ နီးအောင်၊ စာအုပ်ဖတ်တာဝါသနာပါအောင် စိတ်ဓါတ်သွင်းပေးခဲ့တာလည်း အနုပဲ။ နော စာမဖတ်တတ်ခင်ကတည်းက ပုံပြင်စာအုပ်တွေဝယ်လာပေးတယ်။ ရွှေသွေး၊ မိုးသောက်ပန်း၊ တေဇ၊ မင်္ဂလာမောင်မယ် တွေကို အပတ်စဉ်၊ လစဉ် မပြတ်ဝယ်ပေးခဲ့တာ အနုပေါ့။ အနုဈေးကပြန်လာရင် နောတို့မောင်နှမတွေ စာအုပ်လုဖတ်ကြတော့တာပဲ။ နောက် ရောင်စုံဝေဖာထုပ်လေးတွေဝယ်လာပြီဆိုရင် ဒေါင်ခေါင်က ကားရုပ်လေးတွေလုပ်၊ နောက ဝေဖာအိမ်လေးတွေဆောက်၊ အနုက နောတို့ဆော့တာကြည့်ရင်း ထမင်း၊ဟင်းချက်၊ ရေလည်ပျော်တယ်ဗျာ။
သူငယ်တန်းစတက်တော့ ပထမအစမ်းစာမေးပွဲမှာ တတိယဆုရတယ်။ ဒုတိယအစမ်းကြတော့ အဆင့် ၁၀ ရောက်သွားတယ်။ နောက်ဆုံးအတန်းတင် စာမေးပွဲမှာကြတော့ ပထမရသွားတယ်။ အဲမှာစတာ… နောရဲ့ပထမဦးဆုံးဆုပေးပွဲကို အနုလိုက်တုန်းက အနုကြည်နူးပီတိဖြစ်နေတာ နောသိလိုက်တယ်။ အဲဒီကတည်းက စာတော်ရမယ်ဆိုတဲ့ ရည်မှန်းချက်မရှိပေမဲ့ နှစ်တိုင်း အနုကို အဲဒီလိုပျော်ရွှင်မှုပေးခဲ့တယ်။ နော ဆိုတာက “က” “ခ” တောင် အလွတ်ကျက်တတ်တာမဟုတ်ဘူး။ ကိုယ်စိတ်ပါတဲ့အရာဆိုမရ ရအောင်ရှာဖတ်မယ်။ မှတ်မယ်။ ဒါပဲ။ နော စာမကျက်တတ်ဘူးဗျ။ အနုဆီ စာဆိုတိုင်း အနုရဲ့ “၏၊ သည်” မရွေးဆိုတာကြီးက တော်တော်ဒုက္ခပေးခဲ့တာဗျ။ နောအဖြစ်ချင်ဆုံးက အင်ဂျင်နီယာ။ ဖြစ်မယ်လို့လည်း ယုံကြည်ထားတယ်။ ဒါပေမဲ့ ကျောင်းမှာ စာပြိုင်ရတာလောက် စိတ်လေတာမရှိဘူး။ နောက အေးဆေးပဲနေချင်တာ။ အနုပျော်တော့နောလည်းပျော်တယ်။ ဒါကြောင့်သာ နောလုပ်ပေးခဲ့တာ။ ရယ်စရာပြောရအုန်းမယ်။ တကျောင်းလုံးက ဆရာ၊မ တွေက နောတို့မိသားစုကိုသိနေလို့သာ။ တချို့မိဘအသစ်တွေက နောကိုအမေပဲရှိတယ်လို့ ထင်နေကြတာဗျ။ ဘာကြောင့်လဲဆိုတော့ နှစ်တိုင်း အနု ပဲဆုပေးပွဲလိုက်တာကိုး။ ကျောင်းကိစ္စဆိုလဲ အနုပဲ၊ အဝ ကနောက်ကနေပဲ ညွှန်ကြားနေတာ၊ အဲတော့ အနုက ရှေ့ထွက်မင်းသမီးဖြစ်နေတာကိုး။ lol မှတ်မှတ်ရရ ၆ တန်းနှစ်မှာ နော အဆင့် ၄ ရောက်သွားပြီး စတုတ္ထဆုပဲ ရတဲ့အချိန်ကြတော့ အဝက “အေးဆေးပါ၊ ဒါမှ အဝသမီးကွ” ဆိုပြီး မပေးစဖူး မုန့်ဖိုးတောင်ပေးလိုက်သေးတယ်။ :P အဝ နောဆုပေးပွဲတွေမလိုက်လို့ ဝမ်းနည်းသိမ်ငယ်တယ်ဆိုတာမရှိခဲ့ဘူး။ ဆုပေးပွဲနေ့တွေရောက်ရင် အဝနဲ့နော အနု ကိုစနေကြဗျ။ နောက “ဟာ.. ပျင်းစရာကြီး၊ မသွားချင်ပါဘူး.. နော့ အဝ” လို့ပြောရင် အဝက “အေးလေ..မင်းတို့ အနုက အရေးမပါတာ သိပ်လုပ်တယ်” လို့စ၊ အနုက “ဟင်း၊ ပြောကိုမပြောချင်ဘူး..ဒီသားအဖ ၂ ယောက်ကတော့။ အဝတ်အစားမြန်မြန်သွားလဲ..နောက်ကျနေပြီ” ဆိုပြီးပြန်ရန်တွေ့နေကြ။ အဝနဲ့နော က ခံယူချက်ခြင်းတူတယ်။ အဲဒီခံယူချက်တွေ မှားလား၊ မှန်လား၊ ဘာဆိုတာလည်း နောမပြောတတ်ဘူး။ စိတ်ချင်းခံစာချက်လို့ပဲ ထင်တယ်။ အနု မလိုက်ဖြစ်တဲ့ဆုပေးပွဲ ၁ ခုရှိခဲ့တယ်။ ကချင်စာ ပထမတန်းတုန်းက။ တောင်ကြီးမှာက နွေရာသီကျောင်းပိတ်ရက်ဆိုရင် ကချင်ကျောင်းတက်ရတယ်ဗျ။ music လည်းသင်ရတယ်။ မနက်ပိုင်းက ကချင်စာ၊ နေ့လည်ခင်းကျရင် music ။ အဲဒီတုန်းက ရေထွက်ဦးလမ်းက ကျမ်းစာကျောင်းမှာ။ ကျောင်းဝင်းထဲမှာက နောအစ်မဝမ်းကွဲ မိသားစုလည်းရှိတယ်။ ကချင်တွေချည်း၊ နောက် နောအဒေါ်တွေလည်း ကျောင်းဆင်းပွဲမှာ ရှိနေတော့ အနုက နော တယောက်တည်းလွှတ်လိုက်တာ။ အလဲ့.. ကြက်ကန်းဆန်အိုးထပ်တိုးတာပါ၊ ပထမဆုရတယ်ဆိုပဲ။ ဒါပေမဲ့ သင်တန်းဆင်းပွဲ အပိတ်ဆုတောင်းတောင်မပြီးခင် နောတချိုးတည်းလစ်တော့တာပဲ။ အိမ်ရောက်တော့ ဝမ်းနည်းပြီးနောငိုတယ်။ နောသိသွားတယ်။ အနုက နောဘေးမှာ အမြဲရှိနေလို့သာပေါ့။ တခါလေး မလိုက်ခဲ့တာတောင်နောဝမ်းနည်းခဲ့တယ်။ ဘွဲ့ယူတုန်းက နောတို့က Mandalay မှာယူရတာ။ အစက စိတ်ကူးမရှိဘူး။ အမှတ်စာရင်းကိစ္စနဲ့ Mandalay ရောက်နေတုန်းကြုံလို့ယူဖြစ်သွားတာ။ အနုက အရမ်းလာချင်နေတယ်။ နောက စိတ်တောင်မဝင်စားဘူး။ ဘွဲ့ပေးတော့ အထက်မြန်မာပြည်အားလုံးပေါင်းပေးတယ်။ နောတို့တောင်ကြီးအဖွဲ့ကတကယ့်ငချွတ်တွေ။ ဘွဲ့နှင်းသဘင်ခန်းမထဲမှာ rehearsal နေ့ကဆို ပီကေတောင် အဝါးမပြတ်ခဲ့ဘူး။ သာမန်လိုပဲဝတ်လာကြတယ်။ စာအုပ်ဖတ်တဲ့ကောင်ကဖတ်၊ game ဆော့တဲ့ကောင်ကဆော့ပေါ့ဗျာ။ တဖွဲ့လုံးက တပုံစံတည်းတွေလေ။ Birds of a feather flock together ဆိုတာအမှန်ပဲ။ :D တခြားမြို့ရွာတွေက.. အားပါးပါး.. ဇာတ်ထဲကလို ရေလည်ချယ်သထားတဲ့သူနဲ့၊ တမျိုးလုံးတဆွေလုံးလိုက်လာကြတာနဲ့ တော်တော်ထူးဆန်းတယ်ဗျ။ အနုလိုပဲ ဘွဲ့နှင်းသဘင်တက်ချင်ပါတယ်ဆိုတဲ့ နောသူငယ်ချင်းရဲ့အမေ၊ သူတို့ ၂ ယောက်အဖော်ရနေတာပေါ့ဗျာ။ anyway, အနုစိတ်ချမ်းသာရင် ရပါတယ်။ အဝတ်အစားနည်းနည်းပါးပါး ကသိကအောက်ဖြစ်လိုက်ရတာကလွဲလို့ပေါ့။ အနုရောက်လာတော့ တကယ့်နေ့မှာ သောင်းကျန်းလို့မရဘူးဖြစ်သွားတယ်လေ။ :P

Ah nu ဖတ်ဖို့... (၅) - ဘာသာရေး၊ ကျန်းမာရေး


အဝက ခရစ်ယာန်၊ အနုကဗုဒ္ဓဘာသာဆိုပေမဲ့ နောတို့ကိုလွတ်လွတ်လပ်လပ်ရွေးချက်ခွင့်ပေးထားတယ်။ ငယ်ငယ်တုန်းကဆို အဘ၊ အဖွားတို့နဲ့ပဲနေခဲ့တာပဲ။ အနုတို့ သင်္ကြန်ဘုန်းကြီးကျောင်းတက်ရင်လည်း လိုက်သွားတာပဲ။ အနု နောတို့ကိုသွန်သင်ပေးထားတာ ၁ ခုပဲရှိတယ်။ ဘာသာတိုင်းကကောင်းတာကိုပဲညွှန်ကြတာတဲ့။ အနုသားသမီးတွေ လမ်းမှန်ပေါ်မှာရှိနေရင်ရပြီတဲ့။ တကယ်လည်း ဘုရားသခင်နောတို့စိတ်နှလုံးတို့ထိပြီး နောတို့ကိုယ်တိုင်ခရစ်တော်ကို လက်ခံတဲ့အတွက်ကြောင့်သာ ခရစ်ယာန်ဖြစ်လာကြတာပါ။ အနုကဘက်မလိုက်ပဲ၊ အဝကိုလည်းစိတ်ချမ်းသာအောင်ထားတဲ့သူဗျ။ အဝက ခရီးပဲသွားနေတာများတော့ Sunday school ဆိုလည်း အနုကိုယ်တိုင်လိုက်ပို့ပေးခဲ့တယ်။ ဘုရားကျောင်းက ရေအေးကွင်း၊ အိမ်က ဦးကြီးခမ်းမှာ။ အဲလောက်ဝေးတာ။ ဒါတောင် နောတို့ မောင်နှမ ၃ ယောက်လုံးကိုလက်တွဲပြီးလမ်းလျှောက်လိုက်ပို့ပေးခဲ့တယ်။ သိတဲ့အတိုင်း တောင်ကြီးမြို့က လိုင်းကားတွေက မင်းလမ်းနဲ့အပြိုင်တွေပဲရှိတာ။ အဲတော့ ကုန်းကြောင်းလျှောက်ခဲ့ရတာတွေများတယ်ဗျ။ အိမ်ကနေကြံ့ခိုင်ရေးလမ်း အတိုင်းတက်၊ မင်းလမ်းဖြတ်၊ ထ၅ မရောက်ခင်အထိဆက်တိုက်လမ်းလျှောက်တက်၊ ပြီးရင်ညောင်ရွှေရေကန်ဖက်ကွေ့၊ အဲဒီကနေတဆင့် လေယာဉ်ရုံးလမ်းအတိုင်းတောင်ကုန်းကိုတက်ရတာ။ ahh lar mah… တခါတလေ နောတို့ဂဂျိုးဂဂျောင်လုပ်ရင် ချော့ပြီးတော့တောင်သွားခိုင်းတာ။ A1 အပေါ်နားက ထ၅ မရောက်ခင်မှာ လက်ဖက်ရည်ဆိုင် ၁ ဆိုင်ရှိတယ်။ အဲဒီက စမူဆာကြော်ဆို နောတို့အရမ်းကြိုက်တာ။ ဘုရားကျောင်းသွားတိုင်း အနု ဝယ်ကျွေးတယ်။ ဝန်ခံရရင် အနု စမူဆာကြောင့် Sunday school ရောက်တာရှိခဲ့တယ်ဗျ။ :D အိမ်မှာ prayer cell ရှိရင်လည်း အနုပဲလုပ်ပေးတယ်။ ဘုရားကျောင်း၊ လူမှုရေး အားလုံးနီးပါး အနုပဲ ပါဝင်ပေးတယ်။ အဝ ကိုယ်စားလှယ်ပေါ့။ အဝဘက်က ကချင်အမျိုးတွေတောင် အနုဖက်ပဲပါကြတယ်။ အနုကလူတိုင်းနဲ့ တည့်အောင်နေတတ်တယ်ဗျ။ နောတို့သားအဖ ၂ ယောက်နဲ့တော့ တခြားစီပေါ့။ အဝနဲ့နောက ဘုကလန့်လေ။ :P
နောက ဆေးနဲ့ပတ်သက်ရင် မုန်းတယ်။ လူကောင်သာကြီးတာ၊ ဆေးထိုးအပ်သေးသေးလေးလည်း ကြောက်တယ်ဗျ။ ဆေးဘယ်လောက်ခါးခါးစားနိုင်တယ်၊ ဆေးမထိုးရရင်ပြီးရောဗျာ။ နော နေမကောင်းဖြစ်ပြီဆိုရင် အနုစားခိုင်းတဲ့ဆေးပဲစားပြီး မနက် တိုဖူးနွေးစားလိုက်ရင် ပျောက်သွားရော။ :D ကြီးလာတော့ စာလေးနည်းနည်းပါးပါးဖတ်တတ်လာတဲ့အချိန် ဘာရောဂါဖြစ်ရင် ဘာဆေးသောက်ရမလဲဆိုတာကို ဆေးညွှန်းဖတ်တာနဲ့သိပေမဲ့ ဘာလေးပဲဖြစ်ဖြစ် “အနုဘာဆေးသောက်ရမလဲ” လို့မေးနေတုန်းပဲ။ အနုရဲ့ဆေးက para, burmeton ပဲဖြစ်ချင်ဖြစ်နေပါစေ၊ အနုတိုက်တဲ့ဆေးသောက်လိုက်ရင် နော နေကောင်းပျောက်သွားရော။ ပြီးရင် နောကအရမ်းရွံတတ်တယ်။ အခုအချိန်ထိ ဘယ်လောက်ကောင်းတဲ့ဟိုတယ်ရဲ့အိမ်သာမှာပဲဖြစ်ဖြစ် နောနှာခေါင်းနဲ့ အသက်မရှူဖူးဘူး၊ အကျင့်လိုဖြစ်နေပြီ။ ဒါပေမဲ့ ဘဝပေးသင်တန်းအရ တချို့ကိစ္စတွေမှာတော့ သိပ်မရွံတတ်တော့ပါဘူး။ ဟဲဟဲ.. ပြောချင်တာက နော အနာစိမ်းပေါက်တုန်းကဆို ကိုယ့်ကိုယ်ကိုတောင် အသေရွံတာ။ ဒါပေမဲ့ အနုကိုယ်တိုင် အဖန်ရည်နဲ့ဆေးပေး၊ ဆေးလူးပေးခဲ့တာဗျ။ အနုမရွံဘူးလားမသိဘူး။

Ah nu ဖတ်ဖို့... (၆) - Ah nu အချစ်တော်တွေနဲ့


အနုက အိမ်တွင်းမှုလည်းရတယ်။ အနု အရင်တုန်းက ၂ ချောင်းထိုးထိုးတယ်။ နောတို့အတွက် သိုးမွေးဆွယ်တာလေးတွေထိုးပေးဖူးတယ်။ နော ၁ ချောင်းထိုးသင်တုန်းကဆိုအရမ်းရယ်ရတယ်။ Ah Shawng Ah Bu ဆီမှာသင်ရတာ။ အစပိုင်းတော့ တော်တော်လေးထိုးဖြစ်တယ်။ နောက် နောပျင်းလာတော့ ဂျလယ်ကြပြီး အနုကိုပြန်သင်ပေးလိုက်တယ်။ အိမ်မှာရှိတဲ့လက်ရာတွေက နောစလုပ်တာနည်းနည်း၊ အနုပဲအပြီးသတ်လုပ်ပေးထားတာက များတယ်။ :P
နောတို့တွေ တဖြည်းဖြည်း အတန်းကြီးလာ၊ အရွယ်ရောက်လာတော့ အိမ်မှာသိပ်မကပ်ဖြစ်တော့ဘူး။ ကျောင်း၊ ကျူရှင်၊ camps၊ သူငယ်ချင်းတွေနဲ့ပဲ မိုးလင်းကနေမိုးချုပ်အထိပေါ့။ နောတို့ ဝေယျာဝိဇ္ဇတွေ သိပ်မလုပ်ပေးရတော့ အနုဘာလုပ်တယ်ထင်လဲ?? ပန်းစိုက်ပါလေရော။ မနက်ဆို “ကသစ်ရိပ်” ကလက်ဖက်ရည်လေးသောက်ပြီးရင် အားတိုင်း ပန်းခြံထဲမှာပဲ အချိန်ကုန်နေတော့တာ။ အနုလည်း နောအဒေါ်တွေနဲ့ပေါင်းတာများပြီး coffee ကိုဆေးစွဲသလို စွဲနေပြီ။ ဘွားတော်လေးက ဆုကော်ဖီ ဆိုအသေကြိုက်။ ရန်ကုန်လူကြုံရှိလို့ကတော့ သူ့ ဆုကော်ဖီ မှာဖို့တော့မမေ့ဘူး။ နောက် အနုက သူ့အချစ်တော်တွေ တပုံကြီးနဲ့ အလုပ်ရှုပ်နေတော့တာ၊ အဝကတောင် ကြည့်မရတော့ဘူးတဲ့… ပါပီကြီး၊ ပါပီလတ်၊ ပါပီလေးတွေလေ။ :P အစက နောတို့ ဂျက်လီ ဆိုတဲ့ ခွေးလေး ၁ ကောင်မွေးဖူးတယ်။ ခွေးတွေကိုမုန်းပါတယ်ဆိုတဲ့ အဝ တောင် ဂျက်လီ ကိုအရမ်းချစ်သွားတာ။ အဲကောင်က လူအတိုင်းပဲ။ အနုပြောတာတော့ သူက လူဘဝနဲ့ အရမ်းနီးနေပြီမို့လို့တဲ့။ အနုဆို သူ့အတွက် အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံးတင်မကဘူး၊ ဖက်လုံးတောင်လုပ်ထားပေးလိုက်သေးတယ်။ အဲကောင်ဘယ်လောက်ကြီးကျယ်လဲဆိုရင် ခွေးလိုတောင်မအိပ်ဘူး။ ဂျက်လီ အဆိပ်မိပြီးသေသွားတော့ နောတို့တော်တော်ခံစားလိုက်ရတယ်။ နောတို့ အဲလိုဖြစ်လို့ဆိုပြီး အဝ က နောက်ထပ်ခွေးထပ်ပေးမမွေးတော့ဘူး။ ဒါပေမဲ့ ဘေးအိမ်က browny ဆိုတဲ့ခွေးကြီးကဘယ်ဘဝကရေစက်လဲမသိဘူး၊ နောတို့ဆီမှာပဲလာနေတယ်။ သူက Alsation မျိုးဗျ။ သူ့အိမ်မှာဘယ်လောက်စားရစားရ၊ အနုနယ်ကျွေးတဲ့ ထမင်းဟင်းအကျန်လေးတွေကို ဂျက်လီနဲ့လာလုစားနေကြ။ browny လည်း ဂျက်လီလိုပဲ၊ အရမ်းလိမ္မာသိတတ်တယ်။ အနုဘယ်သွားသွားလိုက်ပဲ။ မနန္ဒာ (ဘေးအိမ်ကအစ်မ)လည်း ခွေးအရမ်းချစ်တတ်တော့ အနုနဲ့ ၂ ယောက်ပေါင်းပြီးရောက်လာသမျှခွေးတွေကို ထိန်းသိမ်းစောင့်ရှောက်နေတော့တာပဲ။ နောတို့ ရုံးဝင်းကတော့ လုံသလားမမေးနဲ့၊ ဘယ်သူခိုးမှ မကပ်ရဲဘူး။ အခုချိန်ထိ browny မျိုးဆက်တွေ တသီတသန်းနဲ့ အနုတို့ အလုပ်ဖြစ်နေတယ်တဲ့။ အနုဘယ်သွားသွားနောက်ကနေလိုက်နေကြတော့တာပဲတဲ့။ ချစ်စုပုပြန်ပြောပြတာပါ။ နော အနုနဲ့ အတူမနေရတာ ၅ နှစ်နီးပါးရှိပြီဗျ… sighhh!

Ah nu ဖတ်ဖို့... (၇) - ဖီလင် ၂၂ :P

အနု အငယ် ၂ ယောက်ကိုဦးစားပေးတယ်လို့ ခံစားရရင် နော အနုကိုစိတ်ကောက်ပြီ။ အနုက နောကိုမချော့ပဲ လုပ်စရာရှိတာပဲ လုပ်ပေးတယ်။ အနုနဲ့ မခေါ်ရင် နောလုပ်ချင်တာလုပ်လို့ရတယ်၊ မုန့်ဖိုးလည်းပိုယူလို့ရတယ်။ အနုဘာမှမပြောဘူး… ဟဲဟဲ။ ဒါပေမဲ့ အလွန်ဆုံး ၃၊ ၄ ရက်ပဲ။ အနုကို စကားမပြောပဲ မနေနိုင်ဘူး၊ နောကပဲပြန်ချော့ရတယ်။ ပြီးရင် တနေ့လုံး နောဘာလုပ်ခဲ့တယ်၊ camp တွေကပြန်လာရင်လည်း camp မှာဘာတွေဖြစ်ခဲ့လဲဆိုတာ အနုကိုပြန်ပြောနေကြ။ မပြောရရင်ကို မနေနိုင်ဘူး။ နောက အနုအတွက်တော့ ကြက်တူရွေးထင်တယ်။ :D တစ်ခါ GCC တက်နေတုန်း နောတို့ တဖွဲ့လုံး နေ့တပိုင်းအတန်းလစ်ပြီး ရုပ်ရှင်ရုံသွားကြည့်ကြတယ်။ ညနေအိမ်ပြန်ရောက်တော့ အနု စစ်ဆေးမေးမြန်းတာတောင်စောင့်စရာမလိုဘူး၊ အတွေ့အကြုံအသစ်ကို ရေပက်မဝင်တောင်ပြန်ပြောပြနေလိုက်သေးတယ်။ နောရုပ်ရှင်ရုံရောက်ဖူးတာ လက်ငါးချောင်းတောင်မပြည့်ဘူး။ ငယ်ငယ်တုန်းက ကွန်ဖူးသုံးဖော်ကလေးကား အနုလိုက်ပြဖူးတယ်။ ၂ တန်းလောက်တုန်းကလားမသိဘူး.. နောပူဆာလို့ နောနဲ့ အနု ၂ ယောက်တည်းတခါသွားကြည့်ဖူးတယ်။ နောတို့မောင်နှမတွေရဲ့သူငယ်ချင်းတွေဆို အနုကိုချစ်ကြတယ်။ အဝက အမေးအမြန်းထူတော့ကြောက်ပြီး အဝ ရှိရင် သိပ်မလာရဲကြဘူး။ အဝ ခရီးထွက်ပြီဆိုရင် အိမ်မှာ တရုန်းရုန်းပေါ့။ ဒေါင်ခေါင်သူငယ်ချင်းတွေဆို အနု ကို နောတို့ခေါ်သလိုပဲ လိုက်ခေါ်ကြတယ်။ အနုက ဘယ်သူဘယ်ဝါမခွဲခြားပဲ ရှိတာအမြဲ ထုတ်ကျွေးတာကိုး။ အစားကြောင့်မဟုတ်ပါဘူး။ အနုက လူငယ်တွေကို နားလည်ပေးတယ်လေ။
နောပဲ အနုကို နားမလည်နိုင်တာ။ ကြီးလာတော့ နောအမြင်မှာက နောအဒေါ်တွေလိုပဲ အဝ က အနုကို နိုင်စားတယ်လို့မြင်လာတယ်။ နောက ဆိုးတယ်ဗျ။ နောမှန်တယ်ထင်တဲ့အရာ၊ နောလုပ်ချင်တဲ့အရာ ဆို အဝ တို့လာတား၊ ဝင်စွပ်ဖက်တာတောင်မကြိုက်ဘူး။ ဒါကြောင့် အထူးသဖြင့် အဝ နဲ့နောက ၃ မိနစ်ပြည့်အောင်တောင် စကားပြောလို့မရဘူး။ မတည့်တာက များတယ်။ အနုပဲ ကြားခံဖြေရှင်းပေးနေကြပေါ့ဗျာ။ တချို့ကိစ္စတွေမှာ အဝ အနုအပေါ်မတရားတာတွေ့ရင်နော မခံနိုင်ဘူး။ (ဥပမာ- အနုလုပ်တာမှားရင် အသုံးမကျဘူးလို့ ဆူတယ်။ အဝ မှားကျတော့ စပ်ဖြီးဖြီးနဲ့ရယ်ပြီး အနိုင်ပိုင်းတယ်) အဲဒီအချိန်ကျရင် အနုက နောကို “ကိုယ့် အဝ ပဲ။ အဲလိုမတွေးရဘူး။ ငရဲကြီးလိမ့်မယ်။ အနုတို့က လင်မလားတွေ၊ အနု ဘာမှမဖြစ်ဘူး” ဆိုပြီး ပြန်တောင် နားချနေသေးတယ်။ အံ့ရောဗျာ။ အင်းလေ… ဟုတ်မှာပါ၊ ချစ်ကြတာကိုး။ :P အဝ ကလည်း အဝ ပဲ။ လူတွေရှေ့ဆို အနုကို နိုင်စားပြတာကိုး။ အနုကတော့ အမြဲတမ်း အပြုံးမပျက်ပဲ။ အဲ… နောက်ကွယ်ကြတော့ အဝက အနုလိုမိန်းမမျိုးရတဲ့အတွက် အရမ်းကျေးဇူးတော်ချီးမွမ်းကြောင်း သက်သေခံလေ့ရှိတယ်။ “မင်းတို့ အနုက အရမ်းစိတ်ထားကောင်းတဲ့သူကွ” လို့လည်း နောတို့ကိုပြောတယ်။
အနုက နောရဲ့စံပြ မိန်းမ ၁ ယောက်ပဲ။ နော အနု အတိုင်းဖြစ်အောင် တော်တော်ကြိုးစားယူရမှာဗျ။ ခေတ်နောက်ပြန်ဆွဲတယ်ပဲ ပြောပြောဗျာ။ တိုးတက်လာတာနဲ့အမျှ ဆုံးရှုံးရတာတွေလည်း ပိုများလာတယ်လို့ ခံစားမိတယ်။ အဓိကကတော့ အချိန်ပေါ့ဗျာ။ မိသားစု အတူတူနေရမယ့် အချိန်နည်းသွားတယ်။ အခုဆို တယောက်တနေရာစီတောင်ရောက်နေရတယ်… pfft! နောရဲ့အတွေးကိုပဲပြောတာနော်.. နော ပညာတွေ အများကြီး မသိ၊ မတတ်ချင်ဘူး။ ပိုသိလာလေ၊ မာနဆိုတာကပါလာလေ လေ။ နောက အနုလိုပဲဖြစ်ချင်တာ။ မိသားစုကို ကောင်းကောင်းထိန်းသိမ်းနိုင်ဖို့နဲ့ ဘုရားသိတဲ့ သူဖြစ်ရင် ရပြီမဟုတ်ဘူးလား?? နောက် အဝ က အနု ကို ဦးစီးနိုင်တယ်ဆိုတာက အဝ ပိုတော်လို့ပေါ့။ အဲလိုပဲ နောင် တချိန်.. "သူ" ကလည်း အဝ လိုပဲဖြစ်ရမယ်။ နောသိတာများနေရင် နောထက်ပိုသိတဲ့သူကိုတွေ့ဖို့က ခက်တယ်လေ။ :P ပိုဆိုးတာက နောက အနု လောက်တောင် စိတ်ထားနိုင်မှာမဟုတ်ဘူး။ ဘယ်လောက်ချစ်ချစ်… နောကို လာကြောလို့မရဘူး၊ ဆန့်ကျင်ဖက်ပဲ… လို့ အခုချိန်ထိတော့ ထင်တာပဲ။ lol

Anyway, Ah nu…
Mahkra hpe grai chyeju kaba ai yaw…
Grai dum ai yaw…
Grai tsawra ai yaw… &
Especially for your continual prayers!!!

Belated Birthday cake! :D


Ah Nu...
May God Bless U
&
I propose a toast to the health of U!