My Fav. Songs

March 13, 2009

Ah nu ဖတ်ဖို့... (၄) - ပညာရေး



နောက ဘယ်သန်၊ အနုလည်း ဘယ်သန်ပဲ။ နောငယ်ငယ်တုန်းက အနုက နောကို ညာလက်နဲ့လုပ်တတ်၊ ရေးတတ်အောင် သင်ပေးတယ်။ မူကြိုတုန်းက လက်ရေးလှရေးရင် နှစ်ဖက်စလုံးနဲ့ တပြိုင်တည်းရေးတော့ နောအမြဲတမ်းအရင်ပြီးတယ်။ :D နောက် နော ဘယ်ပဲ အားသန်မှန်းသိတော့ အနုလည်း လက်လျော့လိုက်တယ်။ သူငယ်တန်းရောက်တော့လည်း လက်ရေးလှအောင် အနုပဲ အနီးကပ် သင်ပေးခဲ့တာ။ အထက်တန်းရောက်တဲ့အထိ အနုဆီမှာပဲစာဆိုနေကျဗျ။ အနု သင်ပေးတဲ့အထဲမှာ နောမမေ့နိုင်ဆုံးက နောစာရေးရင် မခွဲရေးသင့်တဲ့ စာလုံးကို နောက်တကြောင်းဆင်းပြီးခွဲရေးမိတယ်။ အနုက အဲဒါလုံးဝလက်မခံဘူး။ ပြီးတော့ စာပေတွေနဲ့ နီးအောင်၊ စာအုပ်ဖတ်တာဝါသနာပါအောင် စိတ်ဓါတ်သွင်းပေးခဲ့တာလည်း အနုပဲ။ နော စာမဖတ်တတ်ခင်ကတည်းက ပုံပြင်စာအုပ်တွေဝယ်လာပေးတယ်။ ရွှေသွေး၊ မိုးသောက်ပန်း၊ တေဇ၊ မင်္ဂလာမောင်မယ် တွေကို အပတ်စဉ်၊ လစဉ် မပြတ်ဝယ်ပေးခဲ့တာ အနုပေါ့။ အနုဈေးကပြန်လာရင် နောတို့မောင်နှမတွေ စာအုပ်လုဖတ်ကြတော့တာပဲ။ နောက် ရောင်စုံဝေဖာထုပ်လေးတွေဝယ်လာပြီဆိုရင် ဒေါင်ခေါင်က ကားရုပ်လေးတွေလုပ်၊ နောက ဝေဖာအိမ်လေးတွေဆောက်၊ အနုက နောတို့ဆော့တာကြည့်ရင်း ထမင်း၊ဟင်းချက်၊ ရေလည်ပျော်တယ်ဗျာ။
သူငယ်တန်းစတက်တော့ ပထမအစမ်းစာမေးပွဲမှာ တတိယဆုရတယ်။ ဒုတိယအစမ်းကြတော့ အဆင့် ၁၀ ရောက်သွားတယ်။ နောက်ဆုံးအတန်းတင် စာမေးပွဲမှာကြတော့ ပထမရသွားတယ်။ အဲမှာစတာ… နောရဲ့ပထမဦးဆုံးဆုပေးပွဲကို အနုလိုက်တုန်းက အနုကြည်နူးပီတိဖြစ်နေတာ နောသိလိုက်တယ်။ အဲဒီကတည်းက စာတော်ရမယ်ဆိုတဲ့ ရည်မှန်းချက်မရှိပေမဲ့ နှစ်တိုင်း အနုကို အဲဒီလိုပျော်ရွှင်မှုပေးခဲ့တယ်။ နော ဆိုတာက “က” “ခ” တောင် အလွတ်ကျက်တတ်တာမဟုတ်ဘူး။ ကိုယ်စိတ်ပါတဲ့အရာဆိုမရ ရအောင်ရှာဖတ်မယ်။ မှတ်မယ်။ ဒါပဲ။ နော စာမကျက်တတ်ဘူးဗျ။ အနုဆီ စာဆိုတိုင်း အနုရဲ့ “၏၊ သည်” မရွေးဆိုတာကြီးက တော်တော်ဒုက္ခပေးခဲ့တာဗျ။ နောအဖြစ်ချင်ဆုံးက အင်ဂျင်နီယာ။ ဖြစ်မယ်လို့လည်း ယုံကြည်ထားတယ်။ ဒါပေမဲ့ ကျောင်းမှာ စာပြိုင်ရတာလောက် စိတ်လေတာမရှိဘူး။ နောက အေးဆေးပဲနေချင်တာ။ အနုပျော်တော့နောလည်းပျော်တယ်။ ဒါကြောင့်သာ နောလုပ်ပေးခဲ့တာ။ ရယ်စရာပြောရအုန်းမယ်။ တကျောင်းလုံးက ဆရာ၊မ တွေက နောတို့မိသားစုကိုသိနေလို့သာ။ တချို့မိဘအသစ်တွေက နောကိုအမေပဲရှိတယ်လို့ ထင်နေကြတာဗျ။ ဘာကြောင့်လဲဆိုတော့ နှစ်တိုင်း အနု ပဲဆုပေးပွဲလိုက်တာကိုး။ ကျောင်းကိစ္စဆိုလဲ အနုပဲ၊ အဝ ကနောက်ကနေပဲ ညွှန်ကြားနေတာ၊ အဲတော့ အနုက ရှေ့ထွက်မင်းသမီးဖြစ်နေတာကိုး။ lol မှတ်မှတ်ရရ ၆ တန်းနှစ်မှာ နော အဆင့် ၄ ရောက်သွားပြီး စတုတ္ထဆုပဲ ရတဲ့အချိန်ကြတော့ အဝက “အေးဆေးပါ၊ ဒါမှ အဝသမီးကွ” ဆိုပြီး မပေးစဖူး မုန့်ဖိုးတောင်ပေးလိုက်သေးတယ်။ :P အဝ နောဆုပေးပွဲတွေမလိုက်လို့ ဝမ်းနည်းသိမ်ငယ်တယ်ဆိုတာမရှိခဲ့ဘူး။ ဆုပေးပွဲနေ့တွေရောက်ရင် အဝနဲ့နော အနု ကိုစနေကြဗျ။ နောက “ဟာ.. ပျင်းစရာကြီး၊ မသွားချင်ပါဘူး.. နော့ အဝ” လို့ပြောရင် အဝက “အေးလေ..မင်းတို့ အနုက အရေးမပါတာ သိပ်လုပ်တယ်” လို့စ၊ အနုက “ဟင်း၊ ပြောကိုမပြောချင်ဘူး..ဒီသားအဖ ၂ ယောက်ကတော့။ အဝတ်အစားမြန်မြန်သွားလဲ..နောက်ကျနေပြီ” ဆိုပြီးပြန်ရန်တွေ့နေကြ။ အဝနဲ့နော က ခံယူချက်ခြင်းတူတယ်။ အဲဒီခံယူချက်တွေ မှားလား၊ မှန်လား၊ ဘာဆိုတာလည်း နောမပြောတတ်ဘူး။ စိတ်ချင်းခံစာချက်လို့ပဲ ထင်တယ်။ အနု မလိုက်ဖြစ်တဲ့ဆုပေးပွဲ ၁ ခုရှိခဲ့တယ်။ ကချင်စာ ပထမတန်းတုန်းက။ တောင်ကြီးမှာက နွေရာသီကျောင်းပိတ်ရက်ဆိုရင် ကချင်ကျောင်းတက်ရတယ်ဗျ။ music လည်းသင်ရတယ်။ မနက်ပိုင်းက ကချင်စာ၊ နေ့လည်ခင်းကျရင် music ။ အဲဒီတုန်းက ရေထွက်ဦးလမ်းက ကျမ်းစာကျောင်းမှာ။ ကျောင်းဝင်းထဲမှာက နောအစ်မဝမ်းကွဲ မိသားစုလည်းရှိတယ်။ ကချင်တွေချည်း၊ နောက် နောအဒေါ်တွေလည်း ကျောင်းဆင်းပွဲမှာ ရှိနေတော့ အနုက နော တယောက်တည်းလွှတ်လိုက်တာ။ အလဲ့.. ကြက်ကန်းဆန်အိုးထပ်တိုးတာပါ၊ ပထမဆုရတယ်ဆိုပဲ။ ဒါပေမဲ့ သင်တန်းဆင်းပွဲ အပိတ်ဆုတောင်းတောင်မပြီးခင် နောတချိုးတည်းလစ်တော့တာပဲ။ အိမ်ရောက်တော့ ဝမ်းနည်းပြီးနောငိုတယ်။ နောသိသွားတယ်။ အနုက နောဘေးမှာ အမြဲရှိနေလို့သာပေါ့။ တခါလေး မလိုက်ခဲ့တာတောင်နောဝမ်းနည်းခဲ့တယ်။ ဘွဲ့ယူတုန်းက နောတို့က Mandalay မှာယူရတာ။ အစက စိတ်ကူးမရှိဘူး။ အမှတ်စာရင်းကိစ္စနဲ့ Mandalay ရောက်နေတုန်းကြုံလို့ယူဖြစ်သွားတာ။ အနုက အရမ်းလာချင်နေတယ်။ နောက စိတ်တောင်မဝင်စားဘူး။ ဘွဲ့ပေးတော့ အထက်မြန်မာပြည်အားလုံးပေါင်းပေးတယ်။ နောတို့တောင်ကြီးအဖွဲ့ကတကယ့်ငချွတ်တွေ။ ဘွဲ့နှင်းသဘင်ခန်းမထဲမှာ rehearsal နေ့ကဆို ပီကေတောင် အဝါးမပြတ်ခဲ့ဘူး။ သာမန်လိုပဲဝတ်လာကြတယ်။ စာအုပ်ဖတ်တဲ့ကောင်ကဖတ်၊ game ဆော့တဲ့ကောင်ကဆော့ပေါ့ဗျာ။ တဖွဲ့လုံးက တပုံစံတည်းတွေလေ။ Birds of a feather flock together ဆိုတာအမှန်ပဲ။ :D တခြားမြို့ရွာတွေက.. အားပါးပါး.. ဇာတ်ထဲကလို ရေလည်ချယ်သထားတဲ့သူနဲ့၊ တမျိုးလုံးတဆွေလုံးလိုက်လာကြတာနဲ့ တော်တော်ထူးဆန်းတယ်ဗျ။ အနုလိုပဲ ဘွဲ့နှင်းသဘင်တက်ချင်ပါတယ်ဆိုတဲ့ နောသူငယ်ချင်းရဲ့အမေ၊ သူတို့ ၂ ယောက်အဖော်ရနေတာပေါ့ဗျာ။ anyway, အနုစိတ်ချမ်းသာရင် ရပါတယ်။ အဝတ်အစားနည်းနည်းပါးပါး ကသိကအောက်ဖြစ်လိုက်ရတာကလွဲလို့ပေါ့။ အနုရောက်လာတော့ တကယ့်နေ့မှာ သောင်းကျန်းလို့မရဘူးဖြစ်သွားတယ်လေ။ :P

No comments:

Post a Comment

Post a Comment